မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့ အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။
မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွားဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။
The Voice Weekly
မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်ဟုဆို
Reviewed by Myanmar channel
on
2月 25, 2020
Rating:

沒有留言: