လူတစ်ယောက် တစ်နေ့တာစားသင့်တဲ့ ဆားပမာဏ


ဆားဟာ သူ့ချည်းပဲဆိုရင် အငန်အရသာသက်သက်ကိုသာရရှိစေပြီး တခြားအရာတွေနဲ့ ပေါင်းစပ်အသုံးပြု လိုက်ရင်တော့ ပြီးပြည့်စုံတဲ့ဟင်းတစ်ခွက်ကို ရရှိစေပါတယ်။ ဒါ့အပြင် ဆားကိုတခြားနေရာတွေမှာလည်း အကျိုးရှိစွာအသုံးပြုနိုင်ပါသေးတယ်။

ဒါပေမဲ့ အစားအစာတွေ၊ အဖျော်ရည်တွေထဲမှာ ဆားအလွန်အကျွံထည့်မိပြီဆိုရင်တော့ အဲဒီအစားအစာတွေ၊ အဖျော်ရည်တွေရဲ့မူလအရသာ ပျက်စီးသွားတဲ့အပြင် လူကိုလည်းဘေးဥပဒ်ဖြစ်စေပြန်ပါတယ်။

ဆားကို အလွန်အကျွံစားသုံးမှုကြောင့် လူတွေမှာဖြစ်စေနိုင်တဲ့ အသိသာအထင်ရှားဆုံးဘေးဥပဒ်ကတော့   သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ပါပဲ။ နှစ်စဉ်လူဦးရေ ၁၁ သန်းခန့်ဟာ အစား အစာကို ချင့်ချိန်စားသုံးခြင်းမရှိမှုကြောင့် သေဆုံးနေရပြီး သူတို့ထဲက လူဦးရေသုံးသန်းကတော့  အငန်ဓာတ်လွန်ကဲမှုနဲ့ ဆက်စပ်လို့ သေဆုံးနေရသူတွေဖြစ်ပါတယ်။

အများအားဖြင့် ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ ပေါင်မုန့်၊ နှံစားပြောင်း၊ ပြုပြင်ဖန်တီးထားတဲ့အသားများနဲ့  ဒိန်ခဲ အပါအဝင် နို့ထွက်ပစ္စည်းတွေကိုစားသုံးမှုကြောင့် အငန်ဓာတ်ကိုလွန်ကဲစွာရရှိပါတယ်။ အခုဆိုရင်  ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာလည်း အလားတူစားသုံးမှုပုံစံမျိုးတွေ   မြင့်တက်လာနေပါပြီ။

ဒါကြောင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆားစားသုံးမှုအတွက် လမ်းညွှန်ချက်တွေကို မေ ၅ ရက်မှာ ထုတ်ပြန် လိုက်တာကို တွေ့ရပါတယ်။ နိုင်ငံအသီးသီးမှတာဝန်ရှိသူတွေအနေနဲ့ အစားအသောက်တွေမှာ ဆားပါဝင်မှုကို လျှော့ချဖို့နဲ့ ပြည်သူတွေအနေနဲ့မှန်ကန်တဲ့ အစားအသောက်ကို ရွေးချယ်စားသောက်နိုင်စေရေးအတွက် သတင်း ထုတ်ပြန်ပေးဖို့ မူဝါဒတွေကိုချမှတ်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အဲဒီ ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စားသောက်ဖွယ်ရာ ၆၄ မျိုးအတွက် ဆားပါဝင်ရ မယ့်ပမာဏကို ဖော်ပြထားပါတယ်။

အဓိကက သူ့ရဲ့အဖွဲ့ဝင် ၁၉၄ နိုင်ငံမှာရှိတဲ့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ စားသောက်ဖွယ်ရာ ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လမ်းညွှန်နိုင်စေဖို့ဖြစ်ပါတယ်။

ဥပမာအားဖြင့် ၁၀၀ ဂရမ်ရှိတဲ့ အာလူးကြော်တစ်ထုပ်မှာ အငန်ဓာတ်ကအများဆုံးအနေနဲ့ ၅၀၀ မီလီဂရမ်၊ ဂျုံနဲ့လုပ်ထားတဲ့မုန့်တွေမှာဆိုရင် ၁၂၀ မီလီဂရမ်နဲ့ ပြုပြင်ထားတဲ့အသားတွေကတော့ ၃၆၀ မီလီဂရမ် အထိသာပါဝင်ရမယ်လို့ အဲဒီလမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။

အငန်ဓာတ်ကိုလွန်ကဲစွာစားသုံးခြင်းက သွေးတိုးရောဂါဖြစ်ခြင်းကိုမြင့်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းတိုးမြင့်လာစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် သေဆုံးမှုအများဆုံးက နှလုံးနဲ့ပတ်သက်တဲ့ရောဂါများ ကြောင့်ဖြစ်ပါတယ်။

ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ကမ္ဘာတစ်ဝန်းမှာသေဆုံးမှုစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အငန်ဓာတ်ကို လွန်ကဲစွာ စားသုံးခြင်းက အဝလွန်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ခြင်းနဲ့ အစာအိမ် ကင်ဆာဖြစ်ခြင်းတို့နဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် လူတစ်ယောက်ဟာ တစ်ရက်ကို ဆား ၅ ဂရမ်အောက်(အငန်ဓာတ် ၂ ဂရမ်အောက်)သာ  စားသုံးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၃ ခုနှစ်မှာချမှတ်ခဲ့တဲ့ ရည်မှန်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၂၅ ခုနှစ် ရောက်တဲ့အချိန်မှာ လူတွေအနေနဲ့ဆားစားသုံးမှုကို ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ပါပဲ။ ဒါပေမဲ့လည်း ကမ္ဘာကြီးရဲ့ ယနေ့အခြေအနေကတော့ အဲဒီရည်မှန်းချက်ကိုရရှိစေမယ့် လမ်းကြောင်းပေါ်ကိုတောင်မရောက်သေးပါဘူး။

ဒါကြောင့် အသက်ရှည်ရှည်နေလိုတယ်ဆိုရင်တော့  တန်ရင်ဆေး၊  လွန်ရင်ဘေး ဆိုတဲ့စကားပုံအတိုင်းပဲ   ဆားကို ချင့်ချိန် စားသုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: TST

Credit – ထက်မြတ်

လူတစ်ယောက် တစ်နေ့တာစားသင့်တဲ့ ဆားပမာဏ လူတစ်ယောက် တစ်နေ့တာစားသင့်တဲ့ ဆားပမာဏ Reviewed by Myanmar channel on 8月 22, 2022 Rating: 5

沒有留言:

技術提供:Blogger.