
တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခုရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်း မြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food) တွေစားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာစဉ်းစားမိရဲ့လား။ ရေရှည်အတွက်မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။
ပြုပြင်ထားတဲ့အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား
ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သပြေနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင်ထည့်ထားတာတွေ၊ အရသာကောင်းအောင်ပြုပြင်ထားတာတွေပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတလေကနေ အမြဲလိုလိုစားဖြစ်နေမိနိုင်ပါတယ်နော်။
ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တောေ်တာ်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊အငန်ဓာတ်နဲ့ ပြည့်ဝဆီတွေပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကိုစာသုံးတဲ့အခါ စားမိနိုင်သေးတာတွေက တာရှည်ခံဓာတုပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အချိုဓာတ်တွေပါ။ ဒီလောက်ဆိုရင်တော့ ကျန်းမာရေးအတွက်ကောင်းဖို့မရှိဘူးဆိုတာ ထွေထွေထူးထူးပြောနေစရာတောင်လိုမယ်မထင်ပါဘူးနော်။ အရသာရှိရှိလေးနဲ့ဗိုက်ပြည့်စေပေမယ့် ရေရှည်မှာကျ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေခံစားလာရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဆီးချိုရောဂါခံစားရတာတွေများလာတယ်။ အဝလွန်လာကြတယ်၊ ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကျလာတယ်ဆိုတာရဲ့ အဓိက တရားခံတွေက အခြားမဟုတ်ပါဘူး။ ပြုပြင်ထားတဲ့ အစားအစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးမိနေတာကြောင့်ပါ။
ပြုပြင်ထားတဲ့အစားအစာတွေနဲ့ ပတ်သက်လို့နောက်ထပ်ပြောစရာရှိတာတစ်ခုက အစားအစာတွေကို ထည့်ထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ နဲ့ ဗူးတွေပါ။ ဒီထုပ်ပိုးတဲ့ပစ္စည်းတွေထဲမှာ BPA (bisphenol A) ပါဝင်နေပြီး ထုပ်ပိုးထားတဲ့အစားအစာတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ BPA က ဟော်မုန်းပမာဏကိုထိခိုက်စေပြီး အမျိုးသမိးတွေမှာ မျိုးပွားစနစ်ကိုထိခိုက်စေနိုင်ပါတယ်၊ လို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက သဘာဝပတ်ဝန်းကျင်သုတေသနပြုရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဂျာနယ်မှာထုတ်ဝေခဲ့တဲ့ လေ့လာမှုမှာပါရှိပါတယ်။
ဒီလိုမျိုးအာဟာရနည်းပါးပြီး စွဲလမ်းစေတတ်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးပါဝင်နေတဲ့အရာတွေပါ။ ဒီအစားအသောက်နဲ့ပတ်သက်ပြီးလေ့လာမှုတစ်ရပ်လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း လူအယောက် ၄၄၅၅၁ ဦးကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၇၃ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ လေ့လာမှုမှာပါဝင်သူတွေထဲက ၃၄ ရာခိုင်နှုန်းက နေ့စဉ် ပြုပြင်ထားတဲ့အစားအစာတွေကိုစားသုံးခဲ့ကြပါတယ်။လေ့လာမှုရလဒ်အနေနဲ့ကတော့ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးသူတွေက အခြားသူတွေနဲ့နှိုင်းစာရင် အသက်သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်းကျော်ပိုများနေတယ်။လို့တွေ့ရှိခဲ့ရပါတယ်။

ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ဘာတွေဖြစ်နိုင်လဲ
အချို၊အငန်လွန်ကဲလွန်းတဲ့ ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေခံစားရနိုင်ပါတယ်။
စိတ်ဓာတ်ကျတာ
နှလုံးသွေးကြောဆိုင်ရာရောဂါ
သွေးတိုးရောဂါ
လေဖြတ်တာ
ဆီးချို
အဝလွန်တာ
ကင်ဆာ
နှလုံးရောဂါတွေခံစားရနိုင်ပါတယ်။
ဒီလိုနာတာရှည်ရောဂါတွေခံစားရစေမှတော့ ပြုပြင်ထားတဲ့အစားအစာတွေက အသက်တိုစေတယ်ဆိုတာ တကယ်ကိုသေချာနေပြီလေ။ ဒီနေ့ခေတ်ထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေကိုရှောင်ရခက်ပေမယ့် အပိုပါမလာတဲ့ အသက်တစ်ချောင်းကို နှမြောရင်တော့ ဆင်ခြင်ပါ၊လို့ တိုက်တွန်းပါရစေနော်။
**ဤဆောင်းပါးကို hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
အသက္တိုမယ့္အစားအစာ
Reviewed by Myanmar channel
on
10月 25, 2019
Rating:

沒有留言: